ဆုမွန်၊ မတ်လ ၁၅ ရက်၊ နမ့်ခမ်း
တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဖတ်ကာအစပ် ၁၂ မိုင်ကျေးရွာမှာရှိတဲ့ တအာင်းတပ်- TNLA ရဲ့ ဂိတ်စခန်းကို ကိုးကန့်တပ်- MNDAA က ဒရုန်းဗုံးတွေနဲ့ လာရောက်ကြဲချတိုက်ခိုက်ပြီး ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
“မနက်ကတည်းက သူတို့ပစ်နေကြတာ။ လက်နက်ကြီးသံတွေကော ဒရုန်းနဲ့ကော အသံက အစုံပဲ။ အခုလည်း သူတို့ပစ်နေကြတာ။ ၁၂ မိုင်မှာ TNLA ဖွင့်ထားတဲ့ ဂိတ်အနားမှာ ဒရုန်းတွေနဲ့ သူတို့ ပစ်လာနေတာ။ အဲဒီနားမှာရှိတဲ့ ရွာဘက်တွေမှာလည်း သူတို့ ရမ်းသမ်းပစ်နေကြတာ” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
နမ့်ခမ်းနဲ့နမ့်ဖတ်ကာကြားမှာရှိတဲ့ ၁၂ မိုင်နဲ့ ၁၃ မိုင်ရွာထဲ MNDAA ရဲ့ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲတာ ရှိပေမဲ့ လူထိခိုက်မှု အခြေအနေကိုတော့ မသိရသေးပါဘူး။
မနေ့ မတ်လ ၁၄ ရက် မနက်ပိုင်းကစပြီး ကွတ်ခိုင်မြို့အပါအဝင် မူဆယ် ၁၀၅ မိုင်၊ နမ့်ဖတ်ကာ၊ မုံစီး စတဲ့နေရာ ၅ ခုထက်မနည်းမှာ TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်ဘက်က အင်အား ထောင်ချီ အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
တအာင်းတပ်ဘက်ကတော့ MNDAA နဲ့ တအာင်းတပ်အကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးနဲ့ အဖြေရှာသွားမယ်လို့ မနေ့ မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ထားပြီး ကိုးကန့်တပ်ဘက်ကတော့ လက်ရှိပြဿနာကို တအာင်းတပ်ဘက်က တာဝန်ယူရမယ်လို့ ပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။