ရွှေဖီမြေ၊ မတ်လ ၁၄ ရက်၊ ကွတ်ခိုင်
ဒီနေ့ မတ်လ ၁၄ ရက် မနက် ၁၀ နာရီခွဲမှာ ကွတ်ခိုင်မြို့ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ကိုးကန့်တပ်ဟာ လက်ရှိ မြို့ပေါ်က ဌာနဆိုင်ရာအများစုကို သိမ်းပိုက်ထားပြီး ခံစစ် အသင့်ပြင်ထားလိုက်ပြီလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
တအာင်းတပ်ဘက်ကတော့ တပ်စခန်းဘက် ပြန်လည်ဆုတ်ခွာသွားပြီး လက်ရှိ သတင်းရေးသားနေတဲ့ ညနေ ၅ နာရီခွဲအထိ တိုက်ပွဲသံ အနည်းငယ် ငြိမ်သက်နေပြီး မြို့အပြင်အနီးရှိ ကျေးရွာခံတွေလည်း ဖမ်းဆီးထိန်းသိမ်းခံရတာ ရှိနေကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။
“မနက်ကတည်းက မိသားစုဝင်တွေနဲ့ ဆက်သွယ်တာ ဘယ်လိုမှ ဆက်သွယ်လို့ မရဘူး။ ရွာမှာ ရှိနေသူတွေနဲ့ ဆက်သွယ်တာလည်း ဆက်သွယ်လို့ မရဘူး။ တဆင့်စကားတဆင့် ကြားမိတာက ကိုးကန့်အဖွဲ့တွေက ရွာက ကောင်လေးနှစ်ယောက်ကိုပါ ဆွဲသွားတယ်တဲ့။ အဲထဲမှာ ကျမရဲ့ တူလေးလည်း ပါသွားတယ် ပြောပါတယ်။ နောက်ဆက်တွဲအခြေအနေ ဘာမှမသိရ” ဆိုပြီး ခိုတင်ကျေးရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း မြို့ထဲ မီးလောင်ပျက်စီးတာလည်းရှိပြီး ဒေသခံ ထိခိုက်မှုတော့ မသိရသေးပါဘူး။
ကိုးကန့်တပ်ရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဖတ်ကာနဲ့မိုင်းယုလေးရွာခံတချို့ ထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ်တွေလည်း ပျက်စီးခဲ့သလို ရွာ ၃ ရွာထက်မနည်းက ဒေသခံတွေဟာ တောတွေထဲ တိမ်းရှောင်နေကြရပါတယ်။
ကိုးကန့်တပ်ကတော့ လက်ရှိ ပစ်ခတ်မှုဟာ TNLA ဘက်က စတင်ပစ်ခတ်တာကြောင့် ပြန်လည်ခုခံတာ ဖြစ်တယ်လို့ ပြောဆိုထားပြီး TNLA က ပြန်ပေးဆပ်ရမယ်လို့ ဒီနေ့ နေ့လယ်က ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။