မိုင်းရူပ၊ မတ်လ ၁၅ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တပ်ဖြစ်ကြတဲ့ တအာင်းတပ်- TNLA နဲ့ ကိုးကန့်တပ်- MNDAA အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မတ်လ ၁၅ ရက် မနက် ၆ နာရီဝန်းကျင်ကစပြီး ကွတ်ခိုင်မြို့ ရပ်ကွက် ၅ နဲ့ ၈ မှာ ကိုးကန့်တပ်ဘက်က ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး TNLA ထိန်းချုပ်ထားတဲ့ ဗျူဟာကုန်းဘက် ဦးတည်လာနေတယ်လို့ ဆိုပါတယ်။
“မနက် ၆ နာရီကတည်းက ရှယ်တွယ်နေတာ။ ဗျူဟာကုန်းဘက်ကို ဦးတည်နေတာ။ ဗျူဟာကုန်းရမှ ကွတ်ခိုင်မြို့တစ်ခုလုံး ကိုးကန့်ကန့်ရမယ့်သဘောပေါ့။ ဒီနေ့ ကိုးကန့်ဒရုန်း တစ်စင်း ပျက်ကျတာ ရှိတယ်” လို့ ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ကွတ်ခိုင်မြို့တွင်းမှာတော့ တိတ်ဆိတ်နေပြီး လူထုတွေ နေအိမ်ထဲမှာသာ နေထိုင်နေကြတယ်လို့ ဆိုပါတယ်။
မနေ့ မတ်လ ၁၄ ရက် မနက်ပိုင်းကစပြီး ကွတ်ခိုင်မြို့အပါအဝင် မူဆယ် ၁၀၅ မိုင်၊ နမ့်ဖတ်ကာ၊ မုံစီး စတဲ့နေရာ ၅ ခုထက်မနည်းမှာ TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်ဘက်က အင်အား ထောင်ချီ အသုံးပြုပြီး တချိန်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းမှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ် MNDAA တပ်ဆင်ထားတဲ့ CCTV တွေကို လိုက်ဖြုတ်ရာကနေ ကိုးကန့်တပ်နဲ့ တအာင်းတပ်အကြား တင်းမာမှု ဖြစ်ပွားရာကနေ ၁ လ ကြာလာချိန် တိုက်ပွဲ ဖြစ်ပွားတဲ့အဆင့်အထိ ရောက်ရှိလာပါတယ်။
တအာင်းတပ်ဘက်ကတော့ MNDAA နဲ့ တအာင်းတပ်အကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးနဲ့ ကြိုးစားအဖြေရှာသွားမယ်လို့ မနေ့ မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ထားပေမဲ့ ကိုးကန့်တပ်ဘက်ကတော့ ဒီပြဿနာအတွက် တအာင်းတပ်ဘက်က တာဝန်ယူရမယ်လို့ ပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။