အိုက်ပွီး၊ ဒီဇင်ဘာလ ၄ ရက်၊ ဖလမ်း
ချင်းပြည်နယ်၊ ဖလမ်းမြို့အနီး Khuangli ကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြား ထိခိုက်မှုရှိခဲ့ပြီး ၅ ဦး သေဆုံးကာ ၂ ဦး အရှင်ဖမ်းမိတယ်လို့ ရှေ့တန်းစစ်ရေး သတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
တီးတိန်မြို့မှ ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို မနေ့ ဇန်နဝါရီလ ၃ ရက်နေ့မနက်ပိုင်းက Khuangli ကျေးရွာမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
“တီးတိန်-သိုင်းငင်း ကားလမ်း သိုင်းငင်းရွာမှာ စစ်ကောင်စီရှိတယ်။ အဲစစ်ကောင်စီက ဖလမ်းမြို့ဘက်ကို စစ်ကြောင်းလာလာထိုးတယ်။ ကျတော်တို့လည်း လမ်းမှာ တိုက်ပွဲဖြစ်တယ်။ မနေ့က မနက်လည်း သိုင်းငင်းဘက်က စစ်ကြောင်းနဲ့ တိုက်ပွဲထပ်ဖြစ်တာပါ။”လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
တိုက်ပွဲအပြီး စစ်ကောင်စီ စစ်ကြောင်းတွေဟာ သိုင်းငင်းဘက် တပ်ဆုတ်သွားတာ မဟုတ်သလို ဖလမ်းမြို့သို့ ရှေ့ဆက်မတိုးနိုင်တာကြောင့် ရွာအနီးအနားဝန်းကျင်မှာ ရှိနေသေးပြီး အချိန်မရွေး တိုက်ပွဲရှိလာနိုင်တယ်လို့ ဆိုပါတယ်။
“စစ်ကြောင်း ရှေ့မတိုးနိုင်သေးဘူး။ တပ်လည်း ဆုတ်သွားတာမဟုတ်တဲ့အတွက် ရွာအနီးအနားမှာရှိနေသေးတယ်။ ထိတွေမှုက ရှိနေအုံးမယ်။”လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
မနေ့ကမနက် Khuangli ရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ အလောင်း ၅ လောင်းနဲ့ တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို အရှင်ဖမ်းဆီးရမိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် MA-1 ၁ လက်၊ MA-4 ၃ လက်၊ MA-2 ၂လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊ RPG (၁) လက်နဲ့ အခြားစစ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
Khuangli ကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၄ ဦး အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။