ရဲမာန်၊ ဇန်နဝါရီ ၁၆ ရက်၊ တောင်တွင်းကြီး
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ အမှတ် (၁၈) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက် ည ၈ နာရီဝန်းကျင်မှာ ပျဥ်းချောင်းကျေးရွာမှာ အထိုင်ချတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ပျဥ်းချောင်းကျေးရွာမှ နေပြည်တော် -တောင်တွင်းကြီး ရထားလမ်းဘေးရှိ ကုလားမကျေးရွာလမ်းပေါက်မှာ သစ်လှည်း၊ ဝါးလှည်းတွေကို ဆက်ကြေးကောက်ပြီး ပြန်လာချိန် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး) ထုတ်ပြန်လာပါတယ်။
“အဲနေ့က သူတို့ဆိုင်ကယ် ၃ စီးနဲ့ ၅ယောက် ပြန်လာတာ။ ဆိုင်ကယ်တွေက ကျနော်တို့လာလမ်းကို မသိအောင် ထားခဲ့တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး) က တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ထံမှ MA1 သေနတ် ၄ လက်၊ 79 တစ်လက်၊ ၄၀ အသီး ၆ လုံး၊ ကျည် ၉၉၀ တောင့်၊ ကျည်ဘောက် ၁၀ ခု၊ ကျည်ကာ ၂ ခု တို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)၊ သရက်ခရိုင်အမှတ် (၅) တပ်ရင်း(ဆင်ပေါင်ဝဲမြို့နယ်)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။