ပျားကြီး၊ ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက်
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဌ၊ ဒုဥက္ကဌနဲ့ အတွင်းရေးမှူးတို့ကို ရွှေတုံးရွှေခဲတွေ အမြတ်တင်ရောင်းချဖို့ သိုလှောင်ထားမှုနဲ့ စစ်ကောင်စီကဖမ်းဆီးထားတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြည်တွင်းရွှေဈေးနှုန်းတွေ တစ်ကျပ်သားကို ငွေကျပ် သိန်း ၁၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ဈေးကွက်ကို ထိန်းချုပ်နိုင်မှုမရှိတော့ချိန်မှာ အခုလို ရွှေအသင်းတာဝန်ရှိသူတွေကို အကြောင်းရှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ဥက္ကဌအပါအဝင် ခေါင်းဆောင်ပိုင်း ၃ ယောက်ကို ဖမ်းလိုက်တာ။ ဈေးကွက်မတည်ငြိမ်အောင်လို့ ရွှေတွေ ဝယ်လှောင်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းတာလို့ ပြောတယ်။ ကျန်တဲ့ လုပ်ငန်းရှင်တွေလည်း စိုးရိမ်နေကြပြီ။ တချို့ဆို ကြိုပြီးရှောင်ထားကြတာ ရှိတယ်” လို့ YGEA နဲ့ နီးစပ်တဲ့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
YGEA ဥက္ကဌ ဦးမျိုးမြင့်ကို ရွှေ ၆ ပိဿာနီးပါး၊ ဒုဥက္ကဌ ဦးမျိုးဝင်းသူကို ၁၀ ပိဿာနီးပါး၊ အတွင်းရေးမှူး ဦးနေမျိုးထက်ကို ၃ ပိဿာကျော်ကို အမြတ်တင်ရောင်းချဖို့အတွက် ဝယ်ယူသိုလှောင်ထားတာကြောင့် ဖမ်းဆီးခဲ့ရတာဖြစ်တယ်လို့ စစ်ကောင်စီက မနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အခုလို ရွှေလုပ်ငန်းရှင်အသင်း တာဝန်ရှိသူတွေကို ဖမ်းဆီးလိုက်ပြီးနောက် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က ရွှေလုပ်ငန်းတွေဟာ အရောင်းအဝယ်အားလုံး ရပ်တန့်သွားခဲ့ပြီး အချိန်မရွေး ဖမ်းဆီးခံရနိုင်ဖွယ် အခြေအနေရှိနေတာကြောင့် လုပ်ငန်းရှင်တချို့က ကြိုတင်တိမ်းရှောင်မှုတွေ ပြုလုပ်နေကြတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။
ပြည်တွင်းရွှေဈေးနှုန်းတွေဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန်ထိုးတက်လာခဲ့တာကြောင့် ဈေးနှုန်းကို ထိန်းချုပ်ဖို့အတွက် YGEA က နေ့စဥ်သတ်မှတ်ရည်ညွှန်းဈေးနှုန်းတွေ ထုတ်ပြန်ပေးနေရပေမဲ့ ပြင်ပဈေးကွက်ကို ထိန်းချုပ်နိုင်မှုမရှိတာကြောင့် ဈေးနှုန်းကွာဟချက် မြင့်မားနေတာဖြစ်တယ်လို့ မန္တလေးအခြေစိုက် ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။
ဒီနေ့မနက်ပိုင်းအထိ YGEA က ရည်ညွှန်းဈေးနှုန်းကို ဆက်လက်ထုတ်ပြန်ပေးနေပြီး တစ်ကျပ်သားကို ၆၉ သိန်း နှုန်းသတ်မှတ်ထားပေမဲ့ ပြင်ပဈေးကွက်မှာ တစ်ကျပ်သားကို ၁၀၃ သိန်းကျော်အထိ ရှိနေတာတွေ့ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။