ရွှေဖီမြေ၊ မတ်လ ၉ ရက်၊ နမ့်ဖတ်ကာ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ မီးသွေးဖုတ်ဖို့သွားတဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေထောက်မှာ ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသဖို့ အကူအညီ လိုအပ်နေကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မတ်လ ၇ ရက် နေ့လယ် ၁၁ နာရီခန့်မှာ နမ့်ဖတ်ကာ ပန်ဂျရော့က အသက် ၃၀ ကျော် မိုင်းယိုင်ဒဲ့က မီးသွေးဖုတ်ဖို့သွားရင်း လမ်းမှာ မိုင်းနင်းမိခဲ့တာပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသမီးက “ခြေထောက်ကတော့ ဖြတ်ရမယ့်အခြေအနေ ရှိတယ်။ အကူအညီ တအားလိုနေတာ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ၎င်းအမျိုးသားဟာ နမ့်ခမ်းပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေရပြီး ဆေးကုသစရိတ်လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကလည်း ပန်ဂျရော့ရွာ ဘုန်းကြီးကျောင်းအနီး လက်ပစ်ဗုံး ပေါက်ကွဲတာကြောင့် ကိုရင်တစ်ပါး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၄ ရက်ကလည်း နမ့်ဖတ်ကာ ရပ်ကွက် ၃ ရှိ ကိုးကန့်တပ်- MNDAA ရဲ့ ရုံးအနီး ကလေးငယ်တွေက လက်ပစ်ဗုံး ဆော့ကစားရင်း ပေါက်ကွဲလို့ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။