ပို့လဘား၊ ဖေဖော်ဝါရီ ၂၇ ရက်၊ နမ့်ဖတ်ကာ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ကိုရင်တစ်ပါးက လက်ပစ်ဗုံးတစ်လုံး ကောက်ယူဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ခြေထောက်တစ်ဖက် ပြတ်သွားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ သက်တော် ၁၁ နှစ်အရွယ် ကိုရင်တစ်ပါးက ပန်ဂျရော့ရွာ ဘုန်းကြီးကျောင်းအနီးမှာ လက်ပစ်ဗုံး ကောက်ရပြီး ဆော့ကစားခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသားက “သူတို့ရဲ့ ဘုန်းကြီးကျောင်းအောက်မှာ လက်ဖက်ခြံ ရှိတယ်။ မနေ့ အဲခြံမှာ သူတို့ လက်ပစ်ဗုံး ကောက်ရပြီး ဒီနေ့ ရပ်ကွက် ၂ မှာရှိတဲ့ နတ်စင်မှာ သူသွားဆော့တာ။ သူ့ခြေထောက်ပေါ် ပြုတ်ကျပြီး ပေါက်ကွဲသွားလို့” ဆိုပြီး ပြောပါတယ်။
လက်ရှိမှာတော့ ခြေတစ်ဖက် ပြတ်သွားတဲ့ အဲဒီကိုရင်ဟာ နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကလည်း နမ့်ဖက်ကာ ရပ်ကွက်(၃)ရှိ ကိုးကန့်တပ်- MNDAA ရဲ့ ရုံးအနီးမှာ ကလေးငယ်တွေက လက်ပစ်ဗုံး ဆော့ကစားရာကနေ ပေါက်ကွဲလို့ ၁ ဦး သေဆုံးပြီး ၃ ဦး ထိမှန်ဒဏ်ရာ ရခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။