ရဲမာန်၊ မတ်လ ၁၀ ရက်၊ ဂွ
ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ မပေါက်ကွဲသေးတဲ့ RPG ဗုံးသီး ၁ လုံးကို ယူဆော့မိတဲ့ ကလေးငယ် ၃ ဦးထဲမှ ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ ကြွီချိုင်ရွာအနီးရှိ ပင်လယ်ကမ်းခြေမှာ ဖြစ်ပွားခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“ကြွီချိုင်ရွာအနီးက ပင်လယ်ကမ်းစပ်နား သွားဆော့ရင်းနဲ့ RPG ဗုံးသီး တွေ့တာ။ အဲမှာ ကလေးတွေ ဆော့ကျရင်း ဖြစ်သွားတာ။ ကလေး ၁ ဦးတော့ ပွဲချင်းပြီး သေသွားတယ်”
ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူဟာ အသက် ၁၂ နှစ်အရွယ် မောင်ဝေယံလင်းဖြစ်ပြီး ၁၂ နှစ်အရွယ် မောင်ကျော်ကိုကိုနဲ့ ၁၁ အရွယ် မောင်ထွန်းလင်းတို့ ဒဏ်ရာ ရရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် နေ့လယ် ၁ နာရီခွဲခန့်မှာ ဂွမြို့နယ် ကျိန္တလီမြို့က ကလေး ၃ ဦး တောင်ပေါ်ဘက် ဆော့ကစားဖို့ သွားရာကနေ စစ်ကျန်လက်နက်ကို ဆော့ကစားမိလို့ ကလေး ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။