မိုင်းဖိူမ်းဆငဲ၊ ဇန်နဝါရီ ၂၀ ရက်၊ ကွမ်းလုံ
ကိုးကန့်တပ်မတော် – MNDAA ထိန်းချုပ်ထားတဲ့ ဒေသနဲ့ နဲ့ “ဝ” တပ်မတော် – UWSA ထိန်းချုပ်ထားတဲ့ ဒေသကို ဆက်သွယ်ထားတဲ့ ဟိုပန် – ဖောင်ဆိပ်တံတားကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
“ကားကြီး၊ ကားသေး သွားလို့ရပြီ။ မနေ့ညကမှ ဖွင့်ပွဲလုပ်တာ” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
အဲဒီဟိုပန်တံတားကို ကိုးကန့်နဲ့ “ဝ” နှစ်ဖက်တာဝန်ရှိသူတွေက ပိုမိုခိုင်ခန့်လာအောင်ပြုပြင်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်ကစပြီး ဒီနေ့ ဇန်နဝါရီ ၂၀ ရက်အထိ နှစ်လနီးပါးအကြာ သွားလာခွင့်ကန့်သတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ယာဥ် အကြီး၊ အငယ်မရွေး တံတားပေါ် ဖြတ်သန်းနိုင်ပြီလို့ ဆိုပါတယ်။
တစ်ဖက်မှာ ကိုးကန့်တပ် – MNDAA ထိန်းချုပ်ထားတဲ့ ကွမ်းလုံတံတားအကျော်မှာရှိတဲ့ ဂိတ်အသစ်မှာ ယာဥ်လိုင်စင်တွေ တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး ယာဥ်လိုင်စင်တစ်ခုမှ မရှိရင် ဝင်ခွင့်မပြုဘူးလို့ ဒေသတွင်းခရီးသည်လုပ်ငန်းလုပ်နေသူတစ်ဦးက ပြောပါတယ်။
“မြန်မာနိုင်ငံ (ကညန) ကထုတ်ပေးတဲ့ လိုင်စင်ဆိုသွားလို့ရတယ်နော်။ အုန်နာဘုတ် (owner boat) ပြရတယ်။ အရင်က သိန္နီမှာ ထုတ်ပေးတဲ့ ကဒ်အစိမ်းနဲ့မရတော့ဘူး။ without ကားဆိုရင် ကိုးကန့် ဒါမှမဟုတ် “ဝ” ကထုတ်ပေးတဲ့ လိုင်စင်ရှိမှသွားလို့ရမှာ။ အဲဒါမှမရှိရင် လှည့်ပြန်ခိုင်းတယ်။”
အဲဒီစစ်ဆေးမှုကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်ကစတင်သတိပေးခဲ့တာဖြစ်ပေမဲ့ ဒီနေ့ ဇန်နဝါရီ ၂၀ ရက်မှာတော့ စစ်ဆေးမှု ပိုမိုတင်းကြပ်လာတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ (ကညန) က ထုတ်ပေးတဲ့ လိုင်စင်ဟာ ကိုးကန့်ဒေသထဲမှာ တရားမဝင်ဘူးလို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ မှာ ရွှေဖီမြေဖော်ပြခဲ့တဲ့ သတင်းဟာ လွဲချော်မှုတစ်ခုဖြစ်တယ်လို့ သတင်းရင်းမြစ်က ရွှေဖီမြေကို ထပ်မံအတည်ပြုပေးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။