သုတ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ ဖားဆောင်း
စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်တွေအကြားတိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည် ဖားဆောင်းမြို့နယ်ရှိ သံလွင် (ဖားဆောင်း) တံတား မိုင်းခွဲဖျက်ဆီးခံရတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
သံလွင်တံတားဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံရတာဖြစ်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်လဲဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
“မိုင်းခွဲဖျက်ဆီးခံရတာ ဟုတ်တယ်။ ဘယ်အဖွဲ့က လုပ်တာလဲတော့ မသိရသေးဘူး။ မနေ့ညနေပိုင်းမှာ အဲတံတားကို တော်လှန်ရေးအဖွဲ့တွေက သွားလာခွင့် ပိတ်ထားတယ်” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ သံလွင်တံတားကို ကရင်နီတော်လှန်ရေးတပ်တွေဘက်က မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ဝါဒဖြန့်ရေးသားဖော်ပြနေကြပါတယ်။
ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးဘုန်းနိုင်ကတော့ ဖားဆောင်းမြို့နယ်ထဲရှိ စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ဖို့ တံတားကို ဖျက်ဆီးခဲ့တာလို့ ဒေသတွင်းသတင်းတွေမှာ ဖြေကြားထားပါတယ်။
သံလွင်မြစ်ကူးတံတားဟာ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်ကိုဆက်သွယ်ထားတဲ့ တံတားဖြစ်သလို ကရင်နီ- ထိုင်းနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ တံတားတစ်ဆင်း ဖြစ်ပါတယ်။
ကရင်နီတော်လှန်ရေးတပ်တွေတွေ ထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့ကို မနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ စစ်ကောင်စီတပ်ဘက်က ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။